ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့

ဆိုက်ကား ဆရာ နဲ့ ကားဝပ်ရှော့ပိုင်ရှင် ဘာဆိုင်လို့လဲ ..ဘာမှ မဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါဆို ကျွန်တော်တွေ့ဖူးခဲ့တဲ့ ဆိုက်ကားဆရာတစ်ယောက် အကြောင်း ပြောပြမယ်..

ကျွန်တော်တို့ တက္ကသိုလ်စတက်တုန်းက အဆောင်နားမှာ ဆိုက်ကားဆရာ တစ်ယောက်ရှိတယ်။ ရိုးတယ် ၊ အေးတယ် ။ ဟိုကလိ ဒီကလိတာ ဝါသနာပါတယ်။ သူ့ဆိုက်ကားပျက်ရင် သူ့ဟာသူပြင်တယ် ၊ တခြားဆိုက်ကားတွေပျက်ရင်လည်း ပြင်ပေးတယ်။

ဘယ်လောက်မှ မကြာဘူး အဲဒီဆိုက်ကားဆရာက လမ်းထိပ်မှာ စက်ဘီး ဆိုက်ကားပြင်တဲ့ ဆိုင်လေးဖွင့်တယ်။ စေတနာပါတယ် ၊ လက်ရာကောင်းတယ် ၊ ဈေးသင့်တာကြောင့် လအနည်းငယ်နဲ့ ဖောက်သည်တွေ ဘာတွေရလာတယ်။ ဒီလိုနဲ့ နှစ်အနည်းငယ်ကြာတော့ သူ့စက်ဘီးပြင်ဆိုင်က အကူ ၂ ယောက်လောက် ထပ်ခေါ်ရတဲ့ အထိ ကြီးလာခဲ့တယ်။ အပိုပစ္စည်းတော်တေ်ာများများလည်း တင်ထားနိုင်လာတယ်။ ချောင်ချောင်လည်လည် ဖြစ်သွားတာပေါ့။

ဒါပေမယ့် သူက အဲဒီမှာတင် မရပ်သွားဘူး။ ဘာလုပ်လဲဆိုတော့ စက်ဘီးပြင်ဆိုင်ကနေ ဆိုင်ကယ်တွေ ဘာတွေ လေထိုးတာပါ ထပ်ထည့်တယ်။ ပြီးတော့ စက်ဘီးဆိုင်ကို အကူ ၂ယောက်နဲ့ လွှတ်ထားခဲ့တယ်။ သူကတော့ ဆိုင်ကယ်ပြင်ဆိုင် တစ်ခုမှာ အကူသွားလုပ်ခဲ့တယ်။ ၁နှစ်ကျော်ကျော်လောက်ပဲ ကြာမယ် ထင်တယ်။ သူ့စက်ဘီးဆိုင်မှာ ဆိုင်ကယ်တွေဘာတွေပါ နိုင်သလောက်ပြင်လာတယ်။ မနိုင်တဲ့ဟာမျိုးကြကတော့ သူ့ဆရာ ဆိုင်ကိုပို့တာ မေးပြီးပြင်တာတွေလုပ်တာပေါ့။

ကျွန်တော်တို့ တက္ကသိုလ်တွေပြီးလို့ အလုပ်ထဲရောက်တဲ့ အချိန်မှာ သူ့ဆိုင်ကယ်ပြင်ဆိုင်က နာမည်ရနေပြီ ၊ ဆိုင်ကယ်တွေခတ်စားလာတော့ စက်ဘီးပြင်တာကို နားပြီး ဆိုင်ကယ်ပဲ ပြင်တော့တယ်။ အခု ၆ နှစ် ၇ နှစ်လောက်အကြာ အဲဒီမြို့ကို ပြန်ရောက်တော့ သူ့ဆိုင်ကယ်ပြင်ဆိုင် မရှိတော့ဘူး။ အဲဒီနေရာမှာ ကားဝပ်ရှော့ဖြစ်နေပြီ။ ဟုတ်တယ် သူက ဝပ်ရှော့ပိုင်ရှင် ဖြစ်သွားပြီ။ ဒီ နှစ်တွေအတွင်းမှာ သူဘယ်လို လုပ်ခဲ့သလဲတော့ မသိတော့ပေမယ့် သေချာတာကတော့ တဆင့်ပြီး တဆင့် သူ့ကိုယ်သူ မြှင့်ဖို့ ကြိုးစားခဲ့ရမှာပဲ။ ဆိုက်ကား ဆရာ နဲ့ ကားဝပ်ရှော့ပိုင်ရှင် ဘာဆိုင်လို့လဲ ..ဘာမှ မဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် သူကတော့ ဆိုင်တယ်ဆိုတာကို လက်တွေ့ လုပ်ပြသွားနိုင်ခဲ့တယ်။

ဆိုက်ကားဆရာ အကြောင်းပြီးတော့ နောက်တစ်ယောက်အကြောင်း ပြောပြမယ်။ သူကတော့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ပါ။ ဒီကောင်ငယ်ငယ်က စာညံ့တယ်လို့ ပြောရမယ်။ အခန်းထဲမှာ လူ ၅၀ လောက်ရှိရင် သူ့အဆင့်က ၄၅ ပတ်ချာလည်မှာ ပုံမှန်ပဲ။ ဒီလိုနဲ့ လိမ်ဖယ် လိမ်ဖယ် နဲ့ ၁၀ တန်းအောင်သွားတယ်။ သူကညံ့တယ်ဆိုပေမယ့် ဝီရိယတော့ရှိတယ်။ ကြိုးစားတော့ အတန်းတိုင်းမှာ အောင်တယ်ဆိုရုံလေးအောင်ခဲ့တယ်။ ၁၀ တန်းမှာလည်း ဒီအတိုင်းပဲ ၊ အောင်မှတ်ရတယ် ဆိုရုံလေးပဲ။

အခု ဒီကောင်က ရာထူးကြီးကြီး နဲ့ ဝင်ငွေကောင်းကောင်းရတဲ့ အဆင့်ရောက်သွားတယ်။ ဒါကိုမြင်တော့ ငယ်ငယ်က သူငယ်ချင်းတွေက “အလကားပါကွာ ၊ ငယ်ငယ်က ဒီလောက်ညံ့တဲ့ကောင် ၊ ကံကောင်းလို့ရတာပါ” ပြောကြတယ် ။ ဒါပေမယ့် ကျွန်တော်နဲ့က အဆက်အသွယ် သိပ်မပြတ်တော့ ဒီကောင်ဘာတွေလုပ်ခဲ့လဲ ဆိုတာကို ကျွန်တော်သိတယ်။

သူ ၁၀ တန်းအောင်တော့ ပိုက်ဆံကလည်း သိပ်မတတ်နိုင်တော့ အဝေးသင်ပဲတက်ခဲ့တယ်။ ဒီအတွင်းမှာ ရတဲ့အလုပ်ကတော့ နယ်မှာ ရုံးလာဖွင့်တဲ့ အဖွဲ့အစည်းရုံးတစ်ခုမှာ ညစောင့်အလုပ် ။ အဲဒီအလုပ်မှာ ၃နှစ်လောက်ကြာတယ်။ ဒီအတွင်းမှာ သူနဲ့ တခါတခါဆုံဖြစ်တော့ ဒီကောင် ကွန်ပျူတာကို စိတ်ဝင်စားတယ်ဆိုတာကို သိရတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်က ဆိုတော့ ကွန်ပျူတာဆိုတာ ကျောင်းတွေနဲ့ အဖွဲ့အစည်းတွေနဲ့ ရုံးလောက်မှာပဲ ရှိတတ်တာ။ တော်ရုံလူလည်း မဝယ်နိုင်ဘူး။ အဲဒီတော့ ဒီကောင်က သူညစောင့်အလုပ်ကရတဲ့ ပိုက်ဆံတွေစုထားတယ်။ ကွန်ပျူတာဂျာနယ်တွေ ဝယ်ဖတ်တယ်။ ပြီးရင် အဲဒီထဲက ကမ္ဘာမှာ ဘာနည်းပညာ ၊ ညာနည်းပညာ ၊ အင်တာနက်က ဘာ စသည်ဖြင့် ကျွန်တော်နဲ့ ဆုံရင် အာပေါင်ရင်းသန်သန်နဲ့ ပြောတတ်တယ်။ ကျွန်တော့်မှာ ဘူမသိဘမသိနဲ့ နားထောင်လို့…၊ ကျွန်တော့်ကိုပဲလား ဆိုတော့မဟုတ်ဘူး။ တခြားသူတွေနဲ့ ဆုံရင်လည်း ဒီအကြောင်းပဲပြောတယ်။ ဟိုလူတွေက ကျွန်တော့်လိုတော့ နားမထောင်ဘူး။ တော်ပါတော့ ကွန်ပျူတာရူးရယ် သွားပါတော့ ဆိုပြီး အော်ထုတ်တတ်ကြတယ်။

ဒီလိုနဲ့ ၁ နှစ် ၂နှစ်အတွင်း မှာ အင်တာနက်ဆိုင်လေးတွေ ပေါ်လာပြီ ၊ ၁နာရီ ၆၀၀ ၊၇၀၀ လောက်နဲ့ သုံးလို့ရပြီဆိုတော့ ဒီကောင်သွားသွားသုံးတယ်။ သူသိချင်တာလေးတွေ ရှာဖတ်တယ်။ ဘွဲ့ရပြီးတော့ အဲဒီမြို့က ရုံးမှာပဲ စာရေးဝင်လုပ်တယ်။ ဒီလိုလုပ်နေရင်းနဲ့ ရတဲ့ လခတွေ စုပြီး ဘာလုပ်တယ်မှတ်သလဲ ဆိုတော့ သင်တန်းတက်တယ်။ အဲဒီတုန်းက သင်တန်းဆိုတာ ရန်ကုန်မြို့မှာပဲ ရှိတာ ။ ဒီကောင် ဘယ်လိုလုပ်သလဲဆိုတော့ တနင်္လာကနေ သောကြာနေ့အထိ ရုံးတက်တယ်။ ရုံးဆင်းတာနဲ့ သောကြာနေ့ညမှာပဲ ရန်ကုန်ကို ကားနဲ့သွားတယ်။ ဟိုရောက်တော့ ဘုန်းကြီးကျောင်းမှာတည်းတယ် ၊ ကွန်ပျူတာသင်တန်းတက်တယ် ၊ ပြီးတော့ တနင်္ဂနွေနေ့ ည ကားပြန်စီးပြီး တနင်္လာမနက်မှာ ရုံးပြန်တက်တယ်။

ကျွန်တော်တို့ အများစုဆိုရင် တနင်္လာကနေ သောကြာနေ့အထိ အလုပ်လုပ်ပြီးရင် စနေမဟုတ်တောင် တနင်္ဂနွေတော့ နားကြမှာပဲ။ ဒါပေမယ့် ဒီကောင်က မနားဘူး။ ပြီးတော့ သူနေနဲ့ မြို့နဲ့ ရန်ကုန်က အဲဒီတုန်းက လမ်းသိပ်မကောင်းသေး ၊ ကားတွေကလည်း မကောင်းသေးဆိုတော့ အနည်းဆုံး ၈နာရီစီးရတယ်။ အပတ်တိုင်း ၁၆ နာရီကားစီးပြီး ၂နှစ်အတွင်းမှာ A+ အပါအဝင် သင်တန်း ၃ခု ပြီးအောင်တက်ခဲ့တယ်။ သူ့မှာ ကွန်ပျူတာမရှိတော့ တခြားဝယ်ထားနိုင်တဲ့သူတွေ ကွန်ပျူတာပျက်ရင် အလကားလိုက်ပြင်ပေးရင်း သူသင်ထားတာကို အသုံးချတယ်။ ရုံးက ကွန်ပျူတာတွေဘာတွေ ပျက်တယ်ဆိုရင်လည်း IT တွေဘာတွေမလိုဘူး သူ့ဟာသူပြင်တယ်။ မသိရင် နားလည်တဲ့ ဆရာတွေကိုလိုက်မေးဖို့လည်း မရှက်ဘူး။

သူတို့ရုံးက ကြီးလာတော့ ကွန်ပျူတာလည်း များလာတယ်။ ဒီတော့ IT တစ်ယောက်လိုတော့ လုပ်တတ်ပြီးဖြစ်နေတဲ့ သူ့ကိုပဲ ခန့်လိုက်တယ်။ နောက်တော့ ကွန်ပျူတာကနေ တဆင့်တက်ပြီး နက်ဝက်အကြောင်းလေ့လာနေတယ် ဆိုလားပဲ။ သူနဲ့တွေ့ရင် ကျွန်တောနားမလည်တဲ့ system တွေ ရွတ်ရွတ်ပြတာ။ တခါတလေလည်း ဘယ်နှသောင်းပေးဝယ်ထားရတာဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်ထူထူကြီးတွေကို ဒစ်ရှင်နရီတစ်အုပ်ဘေးချပြီး မဖတ်တတ် ဖတ်တတ်နဲ့ ဖတ်နေတာတွေ့တယ်။

နောက်တော့ ရာထူးတက်ပြီး မြို့နယ်ပေါင်းစုံမှာ တာဝန်ကျတယ်။ ဒါပေမယ့် သူလေ့လာတာကိုတော့ မလျှော့ဘူး။ တခါတရံမြို့ပြန်လာလို့ ကြုံရင် ဘာသင်တန်းတွေတက်တယ် ၊ ဘာဒီပလိုမာတွေရပြီးပြီ၊ ဘာတွေလေ့လာနေတယ် ဆိုတာ ပြောပြန်တာပဲ။ တခြားသူတွေနဲ့ မတူတာက ဒီကောင်က သင်တန်းတွေတက်ပြီး နည်းမျိုးစုံနဲ့ ပြန်အသုံးချတာပဲ။ ဒီလိုနဲ့ လေးငါးနှစ်ကြာပြီးတော့ ရန်ကုန်ရောက်နေပြီ ရာထူးတိုးရင်း အလုပ်ပြောင်းရင်းနဲ့ အခုဆိုရင် ကုမ္ပဏီကြီးတစ်ခုရဲ့ IT ဌာနမှာ ဒုတိယအကြီးဆုံး ဖြစ်နေပြီ။ အခုထိလည်း ဆုံရင်ဆုံသလို သူလေ့လာနေတဲ့ IT နည်းပညာတွေကို ကျွန်တော်နားထောင်ချင်ချင် မချင်ချင်ပြောနေတုန်းပဲ။ သူ့ကို အလကားပါလို့ပြောခဲ့တဲ့ သူငယ်ချင်းတွေကတော့ အရင်နေရာမှာပဲ ရာထူး ၁ဆင့် ၂ဆင့်လောက်တက်ပြီး လုပ်နေကြတုန်းပဲ။

လက်တွေ့ဘဝထဲမှာ ဒီလို တဆင့်ချင်းရုန်းကန်ခဲ့တဲ့ လူတွေတော်တော်များများရှိပါတယ်။ စပယ်ယာဘဝကနေ ကားလုပ်ငန်းရှင်ဖြစ်လာတဲ့သူ ၊ အမှိုက်ကောက်သမားကနေ အိမ်ခြံမြေလုပ်ငန်းရှင် ဖြစ်လာတဲ့သူတွေ အများကြီး ရှိပါတယ်။ အောက်ဆုံးကနေ ထိပ်ဆုံးကို ကြိုးစားရုံနဲ့ ချက်ချင်းတက်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပေမယ့် လမ်းကြောင်းမှန်ပေါ်မှာ အချိန်ပေးပြီး ဉာဏ် နဲ့ ဝီရိယပေါင်းစပ်ကာ တဆင့်ပြီး တဆင့်လှမ်းရင် မိတ်ဆွေတို့ ကျွန်တော်တို့ရော ထိုက်တန်တဲ့ နေရာတစ်ခုကို သူတို့လိုပဲ မရနိုင်ဘူးလား ခင်ဗျာ….

#Thutazone

Leave a Reply

Your email address will not be published. Required fields are marked *