ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်

ဂျပန်ဟာ အာရှရဲ့စီးပွားရေးအတိုးတက်ဆုံး နိုင်ငံတစ်ခုဖြစ်သလို မီလျံနာ ၊ ဘီလျံနာတွေ ပေါတဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ ဂျပန်မှာ မီလျံနာပေါင်း ၂သန်းကျော် ရှိသလို ၊ ဘီလျံနာပေါင်း ၄၅ ယောက်ရှိပါတယ်။ ဒီလိုချမ်းသာတဲ့သူတွေထဲမှာမှ အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုရင်တော့ တာဒါရှီ ရာနိုက်အိ (Tadashi Yanai) ကိုပဲ ပြရပါလိမ့်မယ်။

လက်ရှိအချိန်မှာတော့ သူဟာ ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၉.၈ ဘီလျံရှိပြီး ဂျပန်နိုင်ငံရဲ့ နံပါတ် ၁ နဲ့ ကမ္ဘာ့ နံပါတ် ၂၇ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ သူဟာ ဂျပန်က လူသိများတဲ့ အင်္ကျီအမှတ်တံဆိပ် Uniqlo အပါအဝင်ဖြစ်တဲ့ Fast Retailing ကုမ္ပဏီရဲ့ တည်ထောင်သူ ဥက္ကဌလည်းဖြစ်သလို Nippon Venture Capital Co., Ltd. နဲ့ Softbank Corp လို ကုမ္ပဏီကြီးတွေရဲ့ ဒါရိုက်တာ နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

သူ့ကို ၁၉၄၉ခုနှစ် ဖေဖော်ဝါရီလက ဂျပန်နိုင်ငံ Yamaguchi စီရင်စုနယ် Ube မြို့မှာမွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အရောင်းအဝယ် စီးပွားရေးလုပ်ငန်းကို ဝါသနာပါခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၇၁ခုနှစ်မှာ Waseda တက္ကသိုလ်ကနေ စီးပွားရေး နဲ့ နိုင်ငံရေးသိပ္ပံဘွဲ့ရရှိခဲ့ပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမဆုံး သူလုပ်ခဲ့တဲ့ အလုပ်က Jusco ဈေးဝယ်စင်တာမှာ အမျိုးသားသီးသန့် အဝတ်အစား နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ရောင်းတဲ့အလုပ် ဖြစ်ပါတယ်။

၁ နှစ်လောက် အဲဒီအလုပ်ကို လုပ်ပြီးတဲ့နောက်မှာတော့ နောက်အလုပ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဖခင်ဖြစ်သူရဲ့ Ogori Shoji စက်ချုပ်ဆိုင်လုပ်ငန်းပါ။ သူဟာ ဖခင်ဖြစ်သူရဲ့ အဝတ်အထည်ချုပ်လုပ်ငန်းကို ပိုမိုတိုးတက်အောင် စွမ်းဆောင်ခဲ့ပြီး Ogori Shoji လုပ်ငန်းကို Fast Retailing Co., Ltd အဖြစ်ပြောင်းလဲခဲ့ပြီး ဟီရိုရှီးမားရဲ့ စတော့ရှယ်ယာဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။

နောက်တချိန်မှာ နာမည်ကြီးလာမယ့် Uniqlo စတိုးဆိုင်ကို ပထမဆုံးအနေနဲ့ ဟီရိုရှီးမားမှာ ၁၉၈၄ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့စီးပွားရေး အကွက်မြင်မှု နဲ့ ဦးဆောင်နိုင်စွမ်းတွေကြောင့် စတိုးဆိုင်လေး တစ်ဆိုင်ဖွင့်ပြီး ၁၀နှစ်ကြာပြီးတဲ့နောက် ၁၉၉၄ခုနှစ်မှာတော့ နောက်ထပ် Uniqlo စတိုးဆိုင် ခွဲပေါင်း ၁ဒါဇင်ကျော်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ သူ့ရဲ့ Fast Retailing ကုမ္ပဏီဟာ ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီကြီး စာရင်းကို စတင်ပါဝင်လာခဲ့ပါတယ်။

နိုင်ငံတွင်းမှာ အောင်မြင်ပေမယ့် အခြားနိုင်ငံတွေမှာပါ စီးပွားရေးချဲ့ထွင်တဲ့အနေနဲ့ ကုမ္ပဏီခွဲတွေဖွင့်လှစ်ခဲ့ရာမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။ ၂၀၀၁ခုနှစ်တုန်းက UK မှာ Uniqlo ကုမ္ပဏီကို ၃နှစ်အတွင်း ဆိုင်ခွဲပေါင်း ၅၀ အထိဖွင့်ဖို့ ရည်မှန်းထားခဲ့ပေမယ့် ၂၁ဆိုင်အထိသာ ဖွင့်နိုင်ခဲ့သလို ၂၀၀၃ ခုနှစ်မှာ ၁၆ဆိုင် ပြန်ပိတ်ရတဲ့ အထိ အရှုံးပေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လက်မလျှော့ပဲ သူ့ကုမ္ပဏီရဲ့ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ကာ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးတဲ့နောက် ပြန်လည်အောင်မြင်လာခဲ့ပါတယ်။

၂၀၁၀ ခုနှစ်ဝန်းကျင်မှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ အဆမတန်ကြီးမားလာခဲ့ပြီး နိုင်ငံပေါင်းတော်တော်များများမှာ စတိုးဆိုင်ခွဲပေါင်း ၂၀၀၀ ကျော်ဖွင့်နိုင်တဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ အကြီးဆုံး အဝတ်အစား ကုမ္ပဏီစာရင်းမှာလည်း နံပါတ် ၄ နေရာ ရောက်ရှိခဲ့သလို မူရင်း Uniqlo တံဆိပ်သာမက ပြင်သစ်နဲ့ အမေရိကန်က နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ Helmut Lang, theory, Comptoir des Cotonniers, Princesse Tam.Tam, J Brand နဲ့ g.u အစတာတွေကို ဝယ်ယူကာ စီးပွားရေးအင်ပါယာကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ Bloomberg စီးပွားရေးမဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ သြဇာအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် ၅၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါအပြင် အမေရိကန်က ကမ္ဘာ့လက်လီဖြန့်ချိရေးအဖွဲ့အစည်းက ပေးအပ်တဲ့ ၂၀၁၀ ခုနှစ် ကမ္ဘာ့အကောင်းဆုံးလက်လီဖြန့်ချီနိုင်သူဆု ကို ရရှိခဲ့သလို ၂၀၀၉ခုနှစ်ရဲ့ ကုမ္ပဏီကို အကောင်းဆုံးပဲ့ကိုင်နိုင်သူ ဆုတွေကိုပါ ရရှိခဲ့ပါတယ်။

သူဟာ တိုကျိုမြို့လယ်က ၁၆၆၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့မြေပေါ်မှာ ဒေါ်လာ သန်း ၈၀တန် အိမ်ကိုဆောက်လုပ်နေထိုင်ပါတယ်။ မိသားစုဘ၀ အနေနဲ့ကတော့ Teruyo Yanai နဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက် ကလေး ၂ ယောက်ရရှိခဲ့ပါတယ်။ မြင်းစီးတာနဲ့ ဂေါက်ရိုက်တာကို ဝါသနာပါပြီး ဟာဝိုင်ယီကျွန်းမှာ ဂေါက်ကွင်း ၂ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အလှူအတန်းရက်ရောသလို ဂျပန်ကသာမက ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေအတွက်ပါ ဒေါ်လာ သန်းနဲ့ချီပြီး အကြိမ်ကြိမ်လှူဒါန်းခဲ့ပါတယ်။ Throw Away Your Success in a Day လို့အမည်ပေးထားတဲ့စာအုပ်ကို ၂၀၀၉ခုနှစ်က ရေးသားထုတ်ဝေခဲ့ပါသေးတယ်။

“ကျွန်တော့်ကိုကြည့်ရင် အောင်မြင်ပြီးရင်း အောင်မြင်နေတဲ့လူလို့ ခင်ဗျားတို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်လည်း အကြိမ်ကြိမ်ရှုံးနိမ့်ဖူးပါတယ်။ လူအများစုက အရှုံးနဲ့ရင်ဆိုင်ရရင် ဆက်မလုပ်ချင်ကြတော့ဘူး။ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အကောင်းမြင်စိတ်လေး နဲ့ အကြိမ်ကြိမ်ကြိုးစားရင် တကြိမ်မဟုတ်တကြိမ်တော့ အောင်မြင်သွားမှာပါ”

Credit – Thutazone

Leave a Reply

Your email address will not be published. Required fields are marked *