ဥပုသ်တစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း”

အဲဒီဘဝတုန်းက ပဒုမုတ္တရဘုရားလက်ထက်မှာ သူက ကျွန်မ။ အဲဒီမြို့တော်က သူဌေးအိမ်မှာ သူက ကျွန်မ။ နေ့တိုင်းတော့ဖြင့် သူဌေးကလည်း မနက်လင်းမှမလင်းသေးဘူး၊ ငွေရစရာရှိတာ ဘယ်မှာ ဘယ်လောက်ရမယ်၊ ညာမှာ ဘယ်လောက်ရမယ်၊ ဘာက ဘယ်လိုနဲ့၊ အဲဒီနေ့ကျတော့ ဆိတ်လို့။မနက် ၅ နာရီလောက်တည်းက ဥပုသ်ယူထားမှာကိုး ။

သူဌေးကတော်ကလည်း နေ့တိုင်းတော့ဖြင့် ဟိုသားမကောင်းဘူး၊ ဒီသားမကောင်းဘူး။ ဟိုဟာ ဝယ်လာတာ ဘယ့်နှယ်။ ဒီအသားကြီးက မလတ်ဘူးနဲ့၊ အဲဒီနေ့ကျ တိတ်လို့၊ ရှိတာလေးနဲ့ ချက်တယ်။

သူဌေးသမီးကလည်း နေ့တိုင်းဆိုရင်တော့ ဘယ်အဝတ် ဝတ်ရမှ၊ ညာအဝတ် ဝတ်ရမှ၊ ဘယ်အဆင်မှနဲ့၊ အဲဒီနေ့ ဘာမှမပြောဘူး။ သူဌေးသားကလည်း နေ့တိုင်းဆိုရင်တော့ ပိုက်ဆံ ဘယ်လောက်ပေးမှ၊ ဘာက ဘယ်လောက် ပေးမှနဲ့။ အဲဒါတောင် အဲဒီနေ့ ဘာမှမပြောဘူး။ အဲဒါနဲ့ ဘုရားကျောင်းသွားကြတယ်။ ကျွန်မလေး ကျန်နေရစ်တယ်။ ကျွန်မလေ ကျွန်အလုပ်လုပ်ရတာ။ မစောင့်နိုင်ဘူး။

သို့သော် သူကတွေးတယ်။ နေ့တိုင်း သူဌေးကြီးက ငွေစကား ကြေးစကား သိပ်ပြောတာ၊ ဒီကနေ့ ငွေစကား ကြေးစကား မပြောဘဲနဲ့ဆိတ်ဆိတ်နေတာ သူတို့ဥပုသ်က ငွေထက်လည်း သာလိမ့်မယ် ထင်တယ်။ တွေးတာနော်။

နေ့တိုင်း သူဌေးကတော်ကြီးက ဘယ်အသားက ဘယ်လို၊ ဘယ်ဟာက ဘယ်နှယ်နဲ့ ဒီကနေ့ ဘာမှမပြောရင် သူတို့ဥပုသ်က ဟင်းထက်လည်း ကောင်းမယ်နဲ့တူတယ်။ သူဌေးသားလည်း နေ့တိုင်း သုံးဖို့ဖြုန်းဖို့ဘာဘယ်လောက်ရမှ၊ ညာဘယ်လောက်ရမှနဲ့ ဒီကနေ့ ဘာမှ မပြောရင် သူတို့ဥပုသ်က အပျော်အပါးထက်လည်း ကောင်းတယ်နဲ့တူတယ်။

နေ့တိုင်းတော့ သူဌေးသမီးက ဘယ်လို အဆင်လေး ဝတ်ရမှ၊ ညာလို အဆင်လေး ဝတ်ရမှနဲ့ ဒီကနေ့ဘာမှမပြောတော့ သူတို့ဥပုသ်က အဝတ်အစားထက်လည်း ကောင်းမယ်ထင်တယ်။ ကျွန်မ ဒီလောက်သိမှာပေါ့။ ဒါထက်ပို မသိပါဘူး၊ ခင်ဗျားတို့လောက် ဗဟုသုတ မရှိပါဘူး။

အဲတော့ သူတို့သူဌေးတွေတောင် ဒီစည်းစိမ်ဥစ္စာ စွန့်သေးတာ၊ ငါလည်း ငါစားရမယ့် အစာကို မစားတော့ဘူး။ ဒီကနေ့အတွက် ဥပုသ်စောင့်တာ ဘယ်လိုမှန်းမှ သူမသိတာ။ သူ့ရဲ့ အဓိဋ္ဌာန်ကတော့ သူဌေးကြီး မိသားစု နေသလို နေမယ်တဲ့။ အဲဒါ သူ ဥပုသ်ယူလိုက်တာ။ ဒီကနေ့ အတွက်တော့ သူဌေးကြီးမိသားစု နေသလို နေမယ်၊ ဒါပဲ။

အဲတော့ သူဌေးကြီးတွေက ဘယ်ချိန်စားတယ် သူမသိတော့ သူ့ဖို့ချန်ထားခဲ့တာလေးလည်း မစားဖြစ်ဘူး။ သို့သော် ကျွန် ဗျ။ လုပ်ရတာပဲ၊ လျှော်ချိန်လျှော်၊ ဆေးချိန်ဆေး၊ ရှိသမျှအကုန် သူလုပ်ရတယ်။ ညနေ ဘုရားကျောင်းကနေ အဲဒီသူဌေးမိသားစု ပြန်လာတယ်။ ကြည့်လိုက်တော့ ထမင်းတွေ ဟင်းတွေကလည်း ဒီတိုင်းပဲ၊

“နင် မစားသေးဘူးလား ဘာလို့မစားတာတုန်း”ဆိုတော့ “အရှင်တို့သူဌေးမိသားစု ဘယ်ချိန်စားတယ်မသိလို့ကျမ စောင့်နေတာ”တဲ့။ “မဟုတ်ဘူး၊ တို့က မနက် မွန်းမတည့်ခင်စားတာ အဲဒီ အချိန်စားရတယ်”ဆိုတော့

ဒီလိုဆို “ကျမလည်း ဒီချိန်မစားတော့ဘူး”တဲ့။ ပင်တော့ ပင်ပန်းနေပြီနော်။ ကျွန် နော်..ကျွန့် အလုပ်တွေ လုပ်ရတယ်။ ပင်ပန်းတော့ ခံနိုင်မလားဗျ။

ညနေကျတော့ လုပ်ရင်းလုပ်ရင်းနဲ့ မျက်လုံးတွေ ပြာလာရော။ သွားတော့ ဟပ်ထိုးဟပ်ထိုးဖြစ်၊ အဲတော့ သူဌေးကြီးက လှမ်းမြင်တယ်။”နင်ဘာဖြစ်တာလဲ”ဆိုတော့ “မူးလို့မော်လို့ပါ”၊
“ဒီလိုဆို စတုမဓူ စားလိုက်”လို့ပြောတယ်။
အဲတော့ ကျွန်မ ကမေးတယ်၊ “သူဌေးကြီးတို့စားပါသလား၊”

“တို့ဥပုသ်ရတယ်၊ မစားဘူး” ဆိုတော့ “ဒီလိုဆို ကျမ လည်း မစားဘူး”တဲ့။ဘယ့်နှယ်တုန်း၊ ကျွန်မ ဥပုသ်နော်။ သူဌေးကြီးတို့နေသလို နေပါ့မယ်လို့ယူထားတဲ့ ဥပုသ်ကိုး။

အဲတော့ သူဌေးကြီးက “ဒီလိုဆို သမီး အလုပ်မလုပ်နဲ့တော့ အနားယူတော့”လို့ အဲဒီနေ့ညနေကို ကျွန်အလုပ်တွေကို ပယ်လိုက်တယ်။ သို့သော် ဝေဒနာပြင်းထန်တဲ့အတွက် ညမှာ သေတာပါပဲ။

ညသေတော့ ဒီဥပုသ်နဲ့သေတဲ့အတွက် နတ်လမ်း တန်းသွားတာပဲ။ နတ်ပြည်မှာ နတ်သမီး သွားဖြစ်တယ်။ ဒီဥပုသ်စိတ်နဲ့အာရုံလုံအောင်ထိန်းလိုက်တာနော်။ စတုမဓူ စားပါဆိုတာတောင် စားသလား၊ ထမင်းစားပါဆိုတာတောင် စားသလား၊ မစားဘူးနော်။ ဒါ သူတတ်နိုင်တာ သူစောင့်တာနော်။ အဲဒါနဲ့နတ်ပြည်ရောက်သွားတာ၊ အဲဒီကနေ လူနဲ့နတ်ပဲ သူဖြစ်ခဲ့ဖူးတာပဲ။

ခုနောက်ဆုံးဘဝမှာ တို့ဘုရားလက်ထက်မှာ အဲဒီ ဥပုသ် တစ်ကြိမ်သာ စောင့်ခဲ့ဖူးတဲ့ စေတနာရဲ့ အရှိန်ကြောင့် ဒီမှာ ရဟန္တာမ လာဖြစ်တယ်။ ဧကုပေါသထ ဘိက္ခုနီမ ဆိုပြီး ကျော်ကြားတယ်။ (ထေရီပါဒါန်)

တစ်ကြိမ်ပဲ ဥပုသ်စောင့်ခဲ့ဖူးတာနော်၊ အဲဒါနဲ့သူ ဒီမှာ ရဟန္တာမ လာဖြစ်တာ။ အာရုံနောက် စိတ်မလိုက်ဘဲ တစ်ကြိမ်တည်းပဲ စောင့်ခဲ့ဖူးတယ်။ တို့ဘယ်နှခါ ရှိပြီလဲ ဥပုသ်စောင့်တာ၊ တို့ လိုသေးတယ်နော်။ ဥပုသ်က အာရုံလုံအောင် စောင့်တာ၊ စိတ်နဲ့ဆိုင်တယ်။

သီလက ကိုယ်နဲ့နှုတ်နဲ့ဆိုင်တယ်။ အဲတော့ ကိုယ်ရယ်နှုတ်ရယ် စိတ်ရယ်မှာ စိတ်သည် ခေါင်မဟုတ်လားကွဲ့။ သတိလေးနဲ့အာရုံလုံအောင် စောင့်တာ ဥပုသ်စောင့်တာ။ အဲလို ဥပုသ် များများ မဟုတ်ဘူး ၊ တစ်ရက်ပဲ ယူပါ။ နိဗ္ဗာန်ထိအောင် တာဝန်ယူတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်း တရားတော်မှ)

Leave a Reply

Your email address will not be published. Required fields are marked *